Friday, March 13, 2015

ကမ္ဘာကျော် ပထမလယ်တီဆရာတော်ဘုရားကြီး၏ သြ၀ါဒကဗျာလင်္ကာများ

{ 1 }  သြ၀ါဒလင်္ကာကြီး
မရဏာသန္န သေခါနီးကာလတွင်၊ ဒါနကလည်း မပြောင်၊
 သီလကလည်း အကြောင်၊ ဘာဝနာကလည်း အယောင်ယောင်၊
ခပ်ခြောင်ခြောင် အမှတ်တမဲ့၊ တော်အောင်သာ နေခဲ့၍၊
 သေတော့မည့်အခိုက်၊ ဇောငါးတန်အဆိုက်နှင့်၊ အရှိုက်သို့ထိခါမှ၊
 ကျိတိကြောင်တောင်၊ နားယောင်ပတ်ကား၊ မြွေမိဖားကဲ့သို့၊ သွားရမယ့်ရှေ့ဘဝ၊
တွေ့ရမယ့် အခင်းတွေနှင့်၊ ပက်ပင်းပါဆုံမိပါမှ၊ သတိကြီးရ ကြ၍၊


(၁) ဒါနကို ပြန်ရှု့သော်လည်း၊ ပြုဖူးသည့်ဒါနက၊ ကာလနှင့်ခပ်ရောရော၊ လောကနှင့် ခပ်ဖက်ဖက်၊ ထွေးယှက်လူးလဲ၊ အစင်ကြယ် နဲခဲ့၍၊ စိတ်ထဲမှာ မကြည်လာ၊

(၂) သီလကိုပြန်ရှာသော်၊ လောကဓံခုခေတ်က၊ လူ့အဖြစ်ကြပ်လှ၍၊ တတ်သမျှ ဝစီကံ၊ အနင့်သား ဖန်နိုင်မှ၊ တော်တန်ရုံ ရှိကြတယ်။

(၃) ဓမ္မိက ကျီးပလီကဲ့သို့၊ တီတီတာတာ၊ ခရာဆန်းပြား၊ အတန်ကြီး များနိုင်မှ၊ စားရန်ဖို့-ဝတ်ရန်ဖို့၊ တချို့ပေးကမ်း၊ လူတမ်းစေ့ကာ၊ အနိုင်သာရှိကြ၍၊ သိလျက်နှင့်မိုက်ရသော၊ အတိတ်ရ ခေတ်ပေမို့၊ ဖြစ်သမျှ ကိုယ်နှတ်က၊ ဗြုတ်အတိပေါလှ၍၊ မနောက မကြည်သာ၊

(၄) ဘာဝနာဆိုသည်မှာ၊ မြည်ရိုးမို့ မြည်ကြသည့်၊ သမထ မနော၊ ဝိပဿနာဇောများနှင့်၊ ပကောဋိ အသင်္ချာ၊ တသက်လုံး စင်ကွာ၏။

(၅) ဘုရားဂုဏ် တရားဂုဏ် သံဃဂုဏ်ကို၊ အာရုံခံအောက်မေ့ဟု၊ တထေ့ထေ့ဆိုရပါသော်လည်း၊ နဂိုရ်ရင်း ပကတိ၊ လေ့ကျက်ခြင်းမရှိ၍၊ မိအောင်မထင်ပေ။

(၆) ဝေပါ၏ အမျှ၊ တဖွဖွဆိုသော်လည်း၊ ထိုသူ၏ဓာတ် နရက်ကို တတ်အကြပ် သိပြီမို့၊ နားညီးရုံသာ ရှိရှာသည်။




{ 2 }  သြ၀ါဒတေးထပ်

ဇာတ်တော်၌လာသော လက်ပံမြိုင်ငှက်နှင့် ရှားတောငှက် ဥပမာတင်၍

မတူတန်သောသူများကို မတုပထိုက်ကြောင်းနှင့် ၎င်း မောင်သြဇာအား ဆုံးမသော

သြဝါဒတေးထပ်

မတူတန် တုဖက်၊ မှုအချက် မှားရန်၊

လက်ပံမြိုင့် ဌာနစံငယ်၊ အာဂမာန် ပိတ်ဖုံး။

ရှားတောငှက် ဂနိုင်စုံကို၊ မပြိုင်တန် သင်းပြိုင်လို့ရှုံး။

ခုလောက လူ, ရှင်၊ မူအစဉ် လက်သုံး။

ငလက်ပံ ငှက်ထုံး၊ တစ်သက်လုံး စွဲမှီ။

ဆရာကို အခွာစော၊ ငါတကော ကောကြရမည်။

မိသော ဘသော နားမလည်တယ်၊ အသားအရည် သူကကြီးလို့၊

အိုသီးအိမ်သီး တဂုဏ် တသိန်၊ ခွဲတဲ့ရမှ မြိန်။

ကိုယ့်ပမာဏ နှိုင်းမချိန်တယ်၊

အနက်အတိမ် ထောက်ထားပြီဘုလေး။


{ 3 } ဆုံးမစာ လင်္ကာကြီး

ဆိုပိန့်ဟုတ်ရာ …စဉ်းစားပါလော့၊ ခန္ဓာဘာရ၊ ပဉ္စကကား၊

ယုယခင်မင်၊ စိန်ရွှေဆင်၍၊ ပြုပြင်ပိုက်ထွေး၊ နင်ကျွေးမွေးလည်း၊

အရေးမရောက်၊ သဲရေမှောက်သို့၊ နင့်နောက်မပါ၊ နင်လိုရာကို၊

ဘယ်ခါမလိုက်၊ နင့်အကြိုက်နှင့်၊ တိုက်ရိုက်ဖီလာ၊ ဆန့်ကျင်ပါခဲ့ ။

ရုပ်ဝါနုနယ်၊ ရှု့စဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊

အအိုစာရင်း၊ သူကသွင်း၏ ။

ဘေးရန်ကင်းကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊

နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏ ။

နင့်နှင့်တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊

ချစ်စွာမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာ၊ ဘယ်ခါမကွဲ၊

အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကိုမထောက်၊

နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကိုသေအောင်၊

ကျားမွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏ ။

လ-ရက်-နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘဝ၊ အနန္တက၊

ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဥာဏ်မသွင်း၍၊

သေမင်းသူလျှို၊ ခန္ဓာကိုယ်ကို၊ မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊

မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊

အမြင်မဖြောင့်၊ ဝိပလ်မှောင့်၍၊ တကြာင့်ကြကြ၊ ပြုခဲ့လှပြီ ။

ဘုရားသာသနာ၊ ခုအခါ၌၊ ပညာစက္ခု၊ ဖန်ဖန်ရှု့လော့၊

ရတုဂိမှန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊

ရေသွေ့ခန်းငြား၊ အိုင်ပတ္တားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊

ရေကလည်းနဲ၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊

သေကြဖို့သာ၊ နီးကပ်လာသို့၊

ငါသူကစ၊ ရှိသမျှလည်း၊ နေ့ညဥ့်မလပ်၊ အစဉ်စပ်လျက်၊

ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊

ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊

သေလမ်းသို့သာ၊ နီးကပ်လာ၏ ။

ငါငါတက်ကြွ၊ မာန်မာနနှင့်၊ လောဘဒေါသာ၊ အစဖြာသား၊

ယုတ်မာစွာလှ၊ အဓမ္မကို၊ ဝေးကမလာ၊ ကင်းရှင်းကွာအေင်၊

ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပယ်ရွာ၊ နင့်အိမ်သာဟု၊

စိတ်မှာစွဲကပ်၊ သတိချပ်လော့ ။

လူ့ရပ်နတ်ရွာ၊ ထက်ဗြဟ္မာနှင့်၊ မဟာသုခ၊ နိဗ္ဗာနသို့၊

ရှစ်ဝမဂ္ဂင်၊ သဘောင်္ာယဉ်ဖြင့်၊ ဆောလျင်ကပ်ခို၊

ရောက်ရလိုမှု၊ ထိုထိုပုည၊ ကုသလကို၊ နေ့ညမစဲ၊

လုံ့လသဲလော့။

ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊

ယခုတွေ့ပြီး၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊

ဆီဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခု၊

မှတ်မရှု့ဘဲ၊ ရွာသူဝက်မိုက်၊ မစင်ကြိုက်သို့၊

အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊

မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့် ။

ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်ဟု၊

ဥာဏ်ကျယ်သလောက်၊ အပြစ်ကောက်၍၊

တောင်ချောက်မြိုင်ကြား၊ သမင်များကို၊ သစ်ကျားပုန်းအောင်း၊

အရချောင်းသို့၊ တောင်ခေါင်းရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊

တိမ်းရှောင်တစ်ကိုယ်၊ တော-တော-ဆို၍၊ မဂ်ဖိုလ်မနှောင်း၊

အရချောင်းမှ၊ အပေါင်းဒုက္ခ၊ ကင်းကွာရဟု၊ ဗုဒ္ဓရွှေနှုတ်၊

ကြာကမုခ်မှ၊ လှစ်ထုတ်မြွက်ကြား၊ မိန့်တော်ထားသည်၊

နင့်ကားနင့်တွက်၊ ကျင့်တော့တည်း ။ ။

No comments:

Post a Comment